"နှစ်တွေဟောင်းလို့
နှစ်သစ်ကူးကာ
ပျော်ရွှင်တာတွေ့မြင်ရပြန်ပြီ
ဒါပေမဲ့လည်း
လကလေးခမျာ ငိုရရှာ---"
ဟိုး----လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကပေါ့--နတ်ပုံပြင်လေးတစ်ပုဒ်ရှိခဲ့တယ်။အဲဒီပုံပြင်လေးမှာ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်ရှိတယ်တဲ့။သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတယ်တဲ့။တစ်နေ့ကျတော့ကောင်လေးဟာ အတောင်လေးမှာ ဒဏ်ရာရပြီးလဲနေတဲ့ ငှက်ကလေးတစ်ကောင်ကိုတွေ့ပြီး ကယ်တင်ပေးလိုက်တယ်၊ငှက်ကလေးကိုသစ်မြစ်၊သစ်ဥတွေသွေးလိမ်းပြီးဒဏ်ရာကိုကုပေးတယ်။နောက်----ဒဏ်ရာသက်သာလာတော့ ငှက်ကလေးကို သင်သွားလိုရာ လွတ်လွတ်လပ်လပ်ပျံသန်းပေတော့ လို့ပြောပြီး လွှတ်ပေးလိုက်တယ်တဲ့လေ။အဲဒီတော့မှ ငှက်ကလေးက ကောင်လေးကိုလူလိုပြောသတဲ့။
"အသင်လူ----- ကျွန်တော့်ကို ကယ်တင်ပေးတဲ့ဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်---အသင့်ရဲ့ ကျေးဇူးဆပ်ချင်ပါတယ်။ ကျွန်တော်က နတ်မင်းကြီးမွေးထားတဲ့ငှက်ကလေးဖြစ်ပါတယ်။သင်လိုအပ်တဲ့အခါလိုရာဆုတစ်ခုကိုတောင်းဆိုပါ။သင်တောင်းဆိုတဲ့တောင်းဆိုချက်ဟာ ချက်ချင်းပြည့်စုံလိမ့်မယ်"
လို့ပြောပြီး--ပျံသန်းသွားတော့တယ်။
အဲဒီအကြောင်းကို ကောင်မလေးက မသိဘူးတဲ့။ညလေးတစ်ညမှာတော့ ကောင်လေးနဲ့ကောင်မလေး ချိန်းတွေ့တဲ့အခါကောင်မလေးကမျက်နှာမကောင်းဘူးဖြစ်နေတယ်တဲ့လေ။ကောင်လေးက
"ဘာဖြစ်လို့မျက်နှာမကောင်းဖြစ်နေရတာလဲ။သူ့ကိုပြောပြပါ။သူဘာလုပ်ပေးရမလဲ"လို့အတင်းမရမက မေးတယ်။ကောင်မလေးက ----
"မဖြစ်နိုင်ပါဘူး၊သူဖြစ်ချင်တာကိုလုပ်ပေးနိုင်မှာမဟုတ်ပါဘူး"ဆိုပြီးပြောမပြဘူးတဲ့။ကောင်လေးက အတင်းပဲလိုက်မေးတယ်။
"သူ့ကိုချစ်၇င်ပြောပြပါ။သူလုပ်ပေးနိုင်အောင်ကြိုးစားပါ့မယ်"
လို့ထပ်ခါထပ်ခါပြောတော့မှ ကောင်မလေးကပြောပြတယ်။
သူဒီကိုလာတဲ့လမ်းက ရေကန်ကြီးတစ်ကန်မှာ နတ်သမီးလေးတွေဆော့ကစားနေတာကိုတွေ့ခဲ့ရတယ်--တအားပျော်ဖို့ကောင်းတာပဲ၊သူလည်းနတ်သမီးလေးလိုဝတ်ပြီး ဆော့ချင်လိုက်တာတဲ့ ----တစ်ရက်လောက်ဆော့ကစားလိုက်ရင်သူကျေနပ်ပါပြီဆိုပြီး ပြောသတဲ့လေ----
ကောင်လေးက သူ့ချစ်သူပြောတော့ စိတ်မကောင်းဖြစ်သွားတာပေါ့။သူ့ချစ်သူဖြစ်ချင်တာတွေကိုသူကလုပ်ပေးချင်ပေမယ့်ဘယ်လိုလုပ်ပြီးနတ်သမီးဖြစ်အောင်လုပ်ပေးနိုင်မလဲဆိုတာ တွေးရင်းစိတ်မကောင်းဖြစ်ပြီးမှိုင်နေတာပေါ့ကွယ်။
နောက်တော့မှ ငှက်ကလေးပြောသွားခဲ့တာကိုသတိရသွားပြီး---သူ့ချစ်သူကောင်မလေးကိုဝမ်းသာအားရပြောပြတယ်။
"ချစ်--ဘာမှစိတ်မကောင်းမဖြစ်နဲ့၊နတ်သမီးဖြစ်အောင်သူလုပ်ပေးနိုင်ပါတယ်"လို့ပြောပြီး သူဆုတောင်းလိုက်တယ်၊
"နတ်မင်းကြီး----ကျွန်တော့်ချစ်သူလေးကိုနတ်သမီးဖြစ်အောင်လုပ်ပြီး နတ်သမီးလေးတွေလိုကစားခွင့်ရအောင်လုပ်ပေးပါလို့"ဆုတောင်းလိုက်လေသတဲ့။
"ပြည့်စေ"ဆိုတဲ့ အသံထွက်လာပြီးချက်ချင်းပဲ ကောင်မလေးဟာ နတ်သမီး လေးဖြစ်သွားတော့တယ်၊
နတ်သမီးလေးဖြစ်သွားတော့ ကောင်မလေးကအရမ်းပျော်ရွှင်နေတာပေါ့။သူတစ်ရက်ပဲကစားပါ့မယ်လို့ သူ့ချစ်သူကောင်လေးကိုကတိပေးပြီး ရေကန်ကြီးဆီကိုထွက်သွားတာပေါ့။ကောင်လေးကတစ်ယောက်တည်းကျန်ရစ်ခဲ့ရှာတယ်။
သူ့ကောင်မလေးဆော့နေတဲ့ရေကန်ကြီးကိုချောင်းကြည့်လိုက်တော့ တအားကိုလှပြီး ပျော်မြူးစွာ ဆော့ကစားနေတာကိုတွေ့ရတော့ သူအရမ်းကိုကျေနပ်နေတာပေါ့။
သူပြန်လာပြီး---ညနေစောင်းတဲ့အထိစောင့်နေတာပေါ့ ။ပြန်လာနိုးနိုးနဲ့စောင့်နေလိုက်တာ---တစ်ရက်၊တစ်လ၊တစ်နှစ်၊သုံးနှစ်၊ဆယ်နှစ်၊နှစ်တွေ အများကြီးကြာသွားပေမယ့် ကောင်မလေးက ပြန်မလာခဲ့ဘူးတဲ့။ကောင်လေးကကောင်မလေးကိုစောင့်နေရင်း ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့တယ်၊
ကောင်လေးက သေသွားပြီးတော့ ဥသြငှက်ကလေးတစ်ကောင်ဖြစ်သွားတယ်တဲ့ကွယ်။ဥသြငှက်ကလေးကလည်း"ဥသြ--ဥသြ"---လို့အော်ပြီးကောင်မလေးကိုလိုက်ရှာရှင်းမျှော်နေရင်းနဲ့သေဆုံးသွားခဲ့ပြန်တယ်၊
ဥသြငှက်ကလေးသေသွားတော့ --ကောင်းကင်ကလလေးရဲ့ဘေးနားမှာ ကြယ်ပွင့်လေးဖြစ်သွားတယ်။အဲဒီကြယ်ပွင့်လေးကတော့ နှစ်ဟောင်းပြောင်းလို့ နှစ်သစ်ကူးတဲ့ည---လလေးဘေးမှာရှိနေတတ်တဲ့ တစ်ပွင့်တည်းသောကြယ်ပွင့်လေးပေါ့ကွယ်----လလေးက သူတစ်ယောက်တည်းတိုးတိုးလေးပြောပြီး ငိုနေရှာတယ်တဲ့။ကောင်လေးရော---ကောင်မလေးရော နတ်ပြည်တစ်ရက်ဟာလူ့ပြည်မှာနှစ်ပေါင်းတစ်ရာရှိတယ်ဆိုတာ သူတို့မသိရှာဘူးဆိုပြီး စိတ်မကောင်းလွန်းလို့ငိုနေရှာတာတဲ့ကွယ်။
ဒါကြောင့် ---နှစ်သစ်ကူးရောက်တိုင်း --ညတိုင်းညတိုင်းမှာ ကောင်းကင်ကိုမော့ကြည့်လိုက်ရင် ---လကလေးငိုနေတဲ့ပုံစံလကွေးကွေးလေးနဲ့ တစ်ပွင့်တည်းသောကြယ်လေးကိုတွေ့ရတတ်တယ်တဲ့။
အဲဒီအချိန်---လူ့ပြည်မှာတော့ ကြယ်မီးပုံးလေးတွေ၊ကြယ်မီးသီးလေးတွေထွန်းပြီး ဒီနှစ်ကုန်လို့ ရှေ့နှစ်ကူးမှာ ကြယ်ကလေးသူ့ချစ်သူလေးနဲ့ပေါင်းရပါစေ။ပြန်ဆုံကြပါစေလို့ဆုတောင်းကြတာပေါ့။
နှစ်တွေကြာညောင်းလို့ ကာလဒေသတွေပြောင်းလာတော့မှ လူတွေက"Happy New Year" ဆိုပြီး ၀ိုင်းဆုတောင်းကြတာပေါ့။
လကလေးကတော့ လူတွေပျော်ရွှင်စွာနဲ့ဆုတောင်းပေးတာကိုကြည့်ပြီးတစ်ယောက်ထဲ ငိုကြွေးနေရတယ်လေ။ဒါကြောင့် ----လကလေးဟာ ငိုနေတဲ့ပုံစံလကွေးကွေး လေး ဖြစ်နေတာပေါ့။
New Year ညတိုင်းမှာ ကောင်းကင်ကို ကြည့်လိုက်ပါ။ခပ်ကွေးကွေးနဲ့လကလေးနဲ့နံဘေးမှာ တစ်ပွင့်တည်းသောကြယ်ကလေးကိုတွေ့ကြရမှာပါ။
အဲဒါကြောင့် မေကတော့လေ-----အဲဒီချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းဖို့ကို New Year ညရောက်တိုင်း ဆုတောင်းပေးနေတာပါ----သူငယ်ချင်းတို့လည်း New Year ညမှာ ဒီပုံပြင်လေးကို အမှတ်တရနဲ့ သတိတရရှိခဲ့ရင်သူတို့နှစ်ဦးအတွက်ဆုတောင်းပေးလိုက်ကြပါနော်-------------အားလုံးလည်းချစ်တဲ့သူနဲ့ဆုံဆည်းနိုင်ကြပါစေနော်---
မေဖြူချစ်နှင်း

No comments:
Post a Comment